Archive for November, 2008
ကျေးဇူးတင်ရှိခြင်း
ကျေးဇူးတင်လွှာ
အကီနိုရဲ့ အိမ်ကလေးဖြစ်မြောက်လာတဲ့ အတွက် ပထမဦးစွာ လူဖြစ်ခွင့်ပေးတဲ့ အကီနို့ ဘုရားသခင်။နောက် အကီနိုရဲ့ ဘ၀ဖြစ်တဲ့ မာမီ။အားတွေကိုဖြစ်စေခဲ့တဲ့ ပါပါ။
ငါးနှစ်ကြာပညာသင်ကြားပေးခဲ့တဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်။ခံစားချက်တွေတင်ခွင့်ပေးတဲ့WordPress ကိုကျေးဇူးတင်ရှိပါတယ်။နောက်အချိန်ပြည့်ရနေတဲ့
Internetကိုလည်းကျေးဇူးတင်ရှိပါတယ်။အိမ်ကလေးဖြစ်မြောက်အောင် ကူညီပေးကြတဲ့ ရုံးက အကို၊အမများ။လိုအပ်တဲ့ စာအုပ်များ၊PDFများကို
ရှာပေးခဲ့တဲ့ သူငယ်ချင်းများ၊အားပေးခဲ့ကြတဲ့ သူငယ်ချင်းများ၊ဗဟုသုတတွေအများကြီးရရှိခဲ့တဲ့
http://myanmaritpros.com
http://www.alinyaung.org
http://www.mmopenxteam.com
http://itmen.myanmarblogger.com
www.mysteryzillion.com
နှင့် ဖတ်ခဲ့မှတ်ခဲ့သော Websiteများ၊စာအုပ်များ။သင်ဆရာ၊မြင်ဆရာများအားလုံးကိုကျေးဇူးတင်ရှိပါတယ်။
Add comment November 27, 2008
Broken Family
မင်္ဂလာပါ
အကီနိုရဲ့ အိမ်ကလေးကို လာလည်တဲ့သူငယ်ချင်းအားလုံး မင်္ဂလာပါ။
အကီနိုဆိုတာ အိမ်မှာခေါ်တဲ့နာမည်တခုပါ။အကီနိုကိုမွေးတုန်းက ဖိလစ်ပိုင်နိုင်ငံမှာ အကီနို သမ္မတတက်တဲ့အချိန်ဖြစ်နေလို့ အိမ်နာမည်က အကီနိုလို့ခေါ်ဖြစ်သွားတာပါ။သမ္မတနာမည်ပေးလို့ ကြီးကျယ်မထင်ပါနဲ့ ကျောင်းနာမည်ကလည်း ထိုင်းနိုင်ငံက သီရိဒုံ မင်းသမီး မြန်မာနိုင်ငံကို လာလည်တဲ့နှစ်မှာမွေးလို့ သီရိ ပါပါတယ်။၁၉၈၆ မှာမွေးတဲ့သူငယ်ချင်းတွေ တော်တော်များများမှာလည်း သီရိ ပါတာများပါတယ်။မြန်မာလို အဓိပ္ပယ်ဖွင့်ဆိုရင်တော့ ကျက်သရေရှိတာပေါ့။ကိုယ့်ကိုကိုယ်တော့ ဘယ်လို့မှမထင်ပေမဲ့ အမေပေးတဲ့နာမည်လေးမို့ တန်ဖိုးထားပါတယ်။သူငယ်ချင်းတွေအားလုံးလဲအဆင်ပြေသလိုခေါ်နိုင်ပါတယ်။သူများတွေလို စာတွေ၊ကဗျာတွေလှလှပပတော့မရေးတတ်လို့ ကိုယ်အကြောင်းကိုပဲပြောပြချင်ပါတယ်။ အကီနိုက တစ်ဦးတည်းသောသမီးပါ။
ကွန်ပျူတာတက္ကသိုလ်မှာ မဟာတန်းအတွက် စာတမ်းပြုစုနေပါတယ်။အသက်ကတော့ ၂၂နှစ်ထဲမှာပါ။ ကွန်ပျူတာတက္ကသိုလ်က ကျောင်းပြီးထားတာဆိုတော့ ကွန်ပျူတာကုမ္ပဏီတစ်ခုမှာပဲ အလုပ်လုပ်နေပါတယ်။အသက် ၂၂နှစ်ထဲရောက်ပြီဆိုတော့လည်း ဘ၀ကို ဖြတ်သန်းလာတာ ၂၂နှစ်ရှိပြီလို့ ဆိုနိုင်ပါတယ်။အကီနို လျှောက်လှမ်းခဲ့ရတဲ့ ဘ၀ဟာပန်းခင်းလမ်း မဟုတ်သလို ဆူးခင်းလမ်းလည်းမဟုတ်ခဲ့ပါဘူး။ဘုရားသခင်က ကောင်းခြင်းနဲ့ဆိုးခြင်းကို အမြဲအတူလက်ဆောင်ပေးတတ်ပါတယ်။အကီနိုရဲ့ ကလေးဘ၀ကတော့ အများကလေးတွေထက်စာရင်တော့ သာယာတယ်ပြောရမှာပေါ့။အဖေက ပိုက်ဆံရှာနိုင်တဲ့ သဘောင်္သား အမေကလည်းကိုယ့်စီးပွားကိုရှာနိုင်တဲ့ မိန်းမတစ်ယောက်ဆိုတော့ အကီနိုဘ၀မှာလိုချင်တာဆိုတာမရှိလောက်အောင်ပြည့်စုံခဲ့ပါတယ်။ ဒါပေမဲ့ အကီနိုအရွယ်ရောက်တဲ့အချိန်မှာ အကီနိုတို့မိသားစုပြိုကွဲခဲ့ရပါတယ်။သူများတွေထက်ပိုပြီး ဘ၀အဓိပ္ပာယ်ကိုစောစောသိခဲ့ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။သစ္စာတရားရဲ့အဓိပ္ပာယ် မေတ္တာတရားရဲ့ အဓိပ္ပာယ် ငွေကြေးရဲအဓိပ္ပာယ်တွေကိုပါ နားလည်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်အနေနဲ့တော့ အဖေကိုအပြစ်မတင်ပါဘူး မုန်းလည်းမမုန်းခဲ့ပါဘူး။ကြုံလာသမျှ သောကတွေကိုလည်း ရှေ့ဆက်ရမဲ့လမ်းအတွက် အားအဖြစ်သတ်မှတ်ခဲ့ပါတယ်။အကီနို သတ်မှတ်ခံယူလိုက်တာကတော့ အကီနိုချစ်ရတဲ့ အကီနိုအဖေဟာအကီနိုတို့ဘ၀ထဲကနေပျောက်ကွယ်သွားပြီလို့ပဲ ခံယူခဲ့ပါတယ်။သူငယ်ချင်းတွေအားလုံးကိုလည်းပြောပါချင်တာ အကီနိုလိုပဲအိမ်ထောင်ကွဲတဲ့မိသားစုထဲကနေ ကြီးပြင်းလာကြတဲ့ သူတွေအများကြီးရှိနိုင်ပါတယ်။ မိဘတွေဟာသူတို့ တွေချင်းညှိမရတဲ့ အခြေအနေကြောင့် လမ်းခွဲကြမယ် နောက်ထပ်အိမ်ယာသစ်တွေထူထောင်ကြမယ် နောက်ထပ်သား၊သမီးတွေနဲ့ ပျော်ရွင်နိုင်ပါတယ်။
စိတ်မကောင်းမဖြစ်ကြပါနဲ့ စိတ်လည်းမဆိုးကြပါနဲ့ ဒါဟာသူတို့ရဲ့လုပ်ပိုင်ခွင့်တွေပါ။Broken Familyကနေလာကြတဲ့ ကလေးတော်တော်များများဟာ စိတ်ဒဏ်ရာတွေရကြပြီးလောကြီးမှာသိပ်အဆင်မပြေတတ်ကြပါဘူး။အကီနိုလည်း ဒီလိုပဲ ခံစားခဲ့ရဘူးပါတယ်။ဒါပေမဲ့ ခံစားနေရုံ၊အားငယ်နေရုံ၊ကြေကွဲနေရုံနဲ့ ပျော်ရွှင်မှုတွေဟာ မရောက်လာနိုင်ပါဘူး။အဖေမရှိလို့ နှိမ်ချင်သလား အမေမရှိလို့နှိမ်ချင်သလားကြိုက်သလောက်နှိမ်ကျပါစေ။သူတို့ နှိမ်ခဲ့တဲ့သူဟာ တချိန်မှာသူတို့ပြန်မော့ကြည့်နေရတဲ့ လူတစ်ယောက်ဖြစ်အောင်ကြိုးစားကြည့်ကြရအောင်လား သူငယ်ချင်းတို့။အကီနိုဆို အကီနိုရဲ့ ဘ၀ကိုဒီခံယူချက်နဲ့ပဲ တည်ဆောက်ခဲ့တယ်။တခါနှိမ်ခံရရင် တခါကြိုးစားတယ်။တခါပြောခံရရင် တခါစာဖတ်တယ်။သူတို့များများပြောတော့ ကိုယ်များများတိုးတက်တာပေါ့ မဟုတ်ဘူးလား သူငယ်ချင်းတို့။အကီနိုပြောချင်တာကတော့ ပြိုင်ဆိုင်ဖို့ပါပဲ။ပြိုင်တယ်ဆိုတာသူများကို ပြိုင်ခိုင်းတာမဟုတ်ပါဘူးကိုယ့်ကိုကိုယ်ပြိုင်ခိုင်းတာပါ။သူများကို ပြိုင်တယ်ဆိုတာဟာ စိတ်ပင်ပန်းရသလို ကိုယ့်အတွက်လဲပူလောင်ပါတယ်။အကီနို ဘ၀မှာဘယ်သူ့ကိုမှ မပြိုင်ခဲ့ဘူး။ကိုယ့်ကိုကိုယ်ပြိုင်တယ်ဆိုတာဟာ
ဒီနေ့ငါဟာ မနေ့ကငါထက် ဘာတွေများ လုပ်ပြီးပြီလဲ။ဘာတွေများ ကြိုးစားထားသလဲဆိုတာကိုပေါ့။ အဲဒီကြိုးစားနေတဲ့အချိန်မှာ အဖေကိုလည်းသတိမရတော့ပါဘူး၊အမေကိုလည်းသတိမရတော့ပါဘူး။ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပိုလာပါတယ်။ငါတော်တော်လုပ်နိုင်တာပဲ ငါတော်တော်တတ်လာပြီလို့ပဲ ခံစားလာမိမှာပါ။မယုံရင်စမ်းကြည့်ပါလား သူငယ်ချင်းတို့။လူတွေကဲ့ရဲ့နေကြတဲ့အပြစ်တွေဟာ ကိုယ်လုပ်ခဲ့တဲ့အပြစ်မဟုတ်ပါဘူး ဘာမှသိမ်ငယ်နေစရာ ၀မ်းနည်းနေစရာအကြောင်းမရှိပါဘူ။အဖေမရှိတဲ့ လူ၊အမေမရှိတဲ့လူတစ်ယောက်ဟာ ဒီလောက်ထိ ထက်မြက်နေတဲ့ အကြောင်းကို
သူတို့သိအောင်ပြလိုက်ကြပါစို့လား သူငယ်ချင်းတို့။အကီနိုက အကီနိုခံယူချက်အတိုင်းရေးထားတာမို့ မကြိုက်တာရှိလဲဝင်ရောက်ရေးသားနိုင်ပါတယ်။သူငယ်ချင်းအားလုံးကို ဖိတ်ခေါ်ပါတယ်။ စိတ်ဓာတ်ကြနေတဲ့သူငယ်ချင်းတွေအားလုံးကိုလည်း အားပေးပါတယ် သူငယ်ချင်းတစ်ယောက်ထဲမဟုတ်ပါဘူး။
Add comment November 15, 2008
မင်္ဂလာပါ
မင်္ဂလာပါရှင်
အကီနိုရဲ့ အိမ်ကလေးကို လာလည်တဲ့သူတွေ အားလုံး မင်္ဂလာပါရှင်….
3 comments November 14, 2008
