Barcamp yangon

What is BarCamp?
Barcamp ဆိုတာ နယ်ပယ်၊ အဖွဲ့အစည်း အမျိုးအစား စုံလင်စွာ လာရောက်ပူးပေါင်း ကျင်းပကြတဲ့ တွေ့ဆုံစုစည်းမှုတစ်ခုပါ။ ဒီစုစည်းမှုဟာ ပညာရှင်တွေနဲ့ပဲ သက်ဆိုင်တဲ့ စုစည်းမှုမဟုတ်ပါဘူး။ လုပ်ငန်းရှင်တွေနဲ့ပဲ သက်ဆိုင်တဲ့ စုစည်းမှုလည်း မဟုတ်ပါဘူး။ Barcamp မှာ နယ်ပယ်အမျိုးအစားဆုံလင်စွာ စုစည်းတွေ့ဆုံပြီး ဆွေးနွေးမှု၊ သရုပ်ပြမှု၊ အပြန်အလှန် ထိတွေ့ဆက်သွယ်မှုတွေ
လုပ်ကြပါတယ်။web 2.0 ခေတ်မှာ လူတွေလက်ခံလာတဲ ပူးပေါင်းဆောင်ရွက်ခြင်း၊ Collaboration and Knowledge sharing ဆိုတာကို အခြေခံပြီး လူတယောက်နဲ့တယောက်ကြား ပညာရှင် ဟုတ်သူနဲ့ မဟုတ်သူတွေကြား အသိပညာ ကွာခြားချက်ကို ကျဉ်းမြောင်းလာအောင် လုပ်ဆောင်လာတဲ့ Community Activity တခုဖြစ်ပါတယ်။

Barcamp World
Barcamp ကို Barcamp Bangkok, Barcamp KL စသည်ဖြင့် ကျင်းပတဲ့ မြို့အမည်နဲ့ တွဲပြီး မှတ်တမ်းတင်လေ့ရှိပါတယ်။ အာရှနိုင်ငံများအနေနဲ့ ပြောရရင် Singapore, Malaysia, Kazakhtan, Thailand, India, Vietnam နိုင်ငံတို့မှာရှိတဲ့ မြို့အသီးသီးမှာ Barcamp တစ်ကြိမ်ထက်မနည်း ကျင်းပပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ India ဆိုရင် သူ့ရဲ့ မြို့ အသီးသီးမှာ Barcamp
၂၇ ကြိမ်လောက် ပြုလုပ်ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။အခြားသော Africa နိုင်ငံများ၊ Arab နိုင်ငံများ၊ America နိုင်ငံများ၊ Europe နိုင်ငံများမှာရှိတဲ့ မြို့အသီးသီးမှာလည်း Barcamp များ အကြိမ်များစွာ ပြုလုပ်ကျင်းပ နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်ပြီး ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတွေ၊ မြို့တွေလည်း အများအပြား ရှိပါတယ်။အကီနိုတို့ မြန်မာနိုင်ငံအနေနဲ့ Barcamp Yangon ဟာ ပထမဆုံး အကြိမ် ကျင်းပမယ့် Barcamp တစ်ခုဖြစ်ပါတယ်။

Barcamp Yangon
Barcamp Yangon မှာ နယ်ပယ်အသီးသီးမှာ ရှိတဲ့ လုပ်ငန်းရှင်၊ ပညာရှင်၊ ဝါသနာရှင်များကို စုစည်းပြီး ကိုယ့်ရဲ့ အတွေ့အကြုံ၊ နည်းပညာ၊ ဗဟုသုတ၊ အကြံဉာဏ်တွေကို ဖော်ထုတ်စုစည်းနိုင်ဖို့၊ လက်တွေ့ အကောင်အထည် ဖော်ကြဖို့အတွက် Open Environment တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ကျင်းပသွားမှာ ဖြစ်ပါတယ်။ Barcamp Yangon မှာ အကီနိုတို့ရဲ့ အသိဉာဏ်ဗဟုသုတတွေကို လွတ်လပ်ပွင့်လင်းစွာ ဖလှယ်ကြဖို့၊ ပြန့်ကျဲနေတဲ့ Idea တွေကို ဝါသနာတူ၊ စိတ်တူ၊ ကိုယ်တူသူများနဲ့ စုစည်း အကောင်အထည်ဖော်နိုင်ကြဖို့ အဓိက ရည်ရွယ် ကျင်းပသွားမှာပါ။  ဘာသာရပ်မျိုးစုံမှာ အားလုံးရဲ့ ပူးပေါင်း ညှိနှိုင်းဆွေးနွေးမှု၊ သရုပ်ပြမှု၊ အပြန်အလှန်ထိတွေ့မှုကနေ အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ယူဆပါတယ်။

ရည်ရွယ်ချက်
အဓိကကတော့ လူငယ်တွေကြားမှာ အသိပညာတွေ နည်းပညာတွေဖလှယ်ပေးပြီး အဲဒီ နည်းပညာတွေနဲ့ မိမိပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲဆိုတာကို ၀ါသနာတူရာ အခြားသောမိတ်ဆွေသူငယ်ချင်းတွေ နဲ့ဆွေးနွေးတိုင်ပင် မျှဝေတတ်လာဖို့ ရည်ရွယ်ပါတယ်။

Time and Date
Time: 9:00am- 5:00pm
Date: 23rd-24th January 2010
Venue: MICT Park

BarCampကို လာရောက်သူများအနေဖြင့်  Register လေးတော့ လုပ်ဖို့လိုအပ်ပါတယ်။Register မလုပ်လဲ လာလို့ရပါတယ်၊ register လုပ်ရတဲ့ ရည်ရွယ်ချက်က ပွဲနေ့တွေမှာ လက်ဆောင်ပစ္စည်းတွေ ပေးဖို့အစီအစဉ်တွက်သာ ဖြစ်ပါတယ်။Registerကို BarCamp websiteမှာ ဖောင်ဖြည့်ပေးရမှာပါ။
website : www.barcampyangon.org

Add comment January 6, 2010

ရန်ကုန်ကွန်ပျုတာတက္ကသိုလ်သို့ တခေါက်(Our University Changing)

မနေ့က BarCamp Yangon အကြောင်း ရန်ကုန်ကွန်ပျုတာတက္ကသိုလ် မှာကြော်ငြာ သွားကပ်ဖို့ အတွက်ကျောင်းကိုရောက်ဖြစ်ခဲ့တယ်။ကျောင်းရောက်တော့မှ ကျောင်းမှာ PSC (Parallel and Soft Computing) 2009 Conference ရှိတာသိရတယ်။ အကီနိုက စာရွက်ထုတ်ပြီးမှ ကျောင်းကိုရောက်တော့ ဆရာမကြီး စကားပြောတာရယ် ကော်ဖီချိန်ရယ်လွတ်သွားတယ်။ အစီအစဉ်က 8.30-9.00 Am မှာ ဒေါက်တာဒေါ်နီလာသိန်း(ပါမေက္ခာချုပ်ရန်ကုန်ကွန်ပျုတာတက္ကသိုလ်) ဖွင့်အမှာစကား ပြောကြားပါတယ်။ နောက် MCPA က U Zaw Moe Tun က Professional IT Career Development and U Tun Khine က Experiences on Software Outsourcing အကြောင်းတို့ကို ပြောကြားသွားကြပါတယ်။ နောက်မှာတော့ စာတမ်းဖတ်မဲ့ သူများက သက်ဆိုင်ရာ အခန်းကိုယ်စီမှာကိုယ့်စာတမ်းကို ဖတ်ကြားရမှာပါ။ အကီနိုကြားသိခဲ့ရတာကတော့ စာတမ်းပေါင်း ၄၀၀ ကျော်တယ်ဆိုပါပဲ။Seminar မှာ ကျောင်းသားဟောင်း ဦးထွန်းခိုင်ပြောခဲ့တဲ့စကားလေးကို အကီနိုအတော်ပဲသဘောကျခဲ့ပါတယ်။ “ကျောင်းကပေးတဲ့ သီအိုရီတွေ ပညာတွေဟာ အလကားမဖြစ်ပါဘူး တချိန်မှာ သူများနဲ့ ပြန်ယှဉ်တဲ့ အခါကိုယ်ကတပန်းသာနေမှာပါ။ ကျောင်းကပေးတဲ့ အသိတွေဟာ ရေရှိရာကိုနေရာညွန်ပြပေးပြီး ရေတူးဖို့ကတော့ ကိုယ့်ကြိုးစားအားထုတ်မှုပါပဲ” လို့ ပြောခဲ့ပါတယ် ။ ဒီစကားကို ကျောင်းကထွက်သွားတဲ့ သူတိုင်း ခဏခဏပြောနေကျစကားပါ။ ပြီးတဲ့နောက်မှာ တက်ရောက်လာတဲ့ လူကြီးတွေကို နေလည့်စာ ထမင်းကျွေးမွေးပါတယ်။ စားရကံကြုံတဲ့ အကီနိုကကပ်ပြီးလိုက်စားခွင့်ရပါတယ်။တသက်နဲ့တကိုယ်ကျောင်းကကျွေးတဲ့ထမင်း ဒါပထမဆုံးစားရတာပါ။ အထူးသဖြင့် ဆရာမကြီးရယ် MCPA ကလူကြီးတွေရယ် ကျောင်းက ဆရာမပါမေက္ခာတွေနဲ့ အတူတူစားခွင့်ရလို့ပါ။ အကီနိုတို့က ထမင်းထည့်ပေးတာလဲ ဆရာမတွေဖြစ်နေတာနဲ့ အရမ်းပဲ အားနာခဲ့ရပါတယ် (အားနာလို့ ထမင်းကို ၂ပန်းကန်ပဲစားခဲ့ပါတယ်)။ ပွဲကိုတက်ရောက်လာတဲ့ ကျောင်းသားတွေကို Lunch Box ရယ် Coffeeရယ် ကျွေးမွေးခဲ့ပါတယ်။ သာမာန်ကျောင်းသားဆို ၀င်ကြေး ၃၅၀၀ကျပ် ဖြစ်ပြီးတော့ စာတမ်းဖတ်မဲ့ကျောင်းသားတွေက စာတမ်းကြေး ၁၅၀၀၀ကျပ် ပေးသွင်းပြီး နားထောင်ခွင့်ရကြပါတယ်။ အရင်ရင်နှစ်တွေတုန်းက ဆီဒိုးနာ ဟိုတယ်မှာ ပြုလုပ်နေကျဖြစ်ပြီး ဒီနှစ်ကျမှ ကျောင်းမှာ ပြုလုပ်ခဲ့တာပါ။ အကီနိုကတော့ ကျောင်းမှာ ပြုလုပ်တာကို ပိုသဘောကျခဲ့ပါတယ် ။ဒါမှလည်း ကျောင်းသားတွေ အသိပညာဗဟုသုတတွေကြွယ်ဝလာစေမှာပါ။ထမင်းစားပြီးချိန်မှာ ကျောင်းမှာရှိတဲ့ Workshop room ရယ် Lab room ရယ်ကို လူကြီးတွေနဲ့အတူသွားကြည့်ဖြစ်ခဲ့တယ်။ အဲဒီမှာ အကီနိုတွေ့ခဲ့တာ Computer တွေအကုန်လုံးဟာLCD တွေဖြစ်နေပြီး ကျောင်းသားတွေအပြည့် Lab အခန်းထဲ မှာ C++ ကိုလေ့ကျင့်နေကျတာပဲ ။ဆရာမတွေကလဲ ဘေးမှာလိုတာကိုလိုက်ပြောပြ ပေးနေကျပါတယ်။ အခုခေတ်ကျောင်းသားတွေ အရမ်းကံကောင်းပါတယ် အကီနိုတို့တုန်းက ကွန်ပျူတာတွေ မကောင်းတာနဲ့ မေးမဲ့ ကူညီမဲ့ဆရာမတွေမရှိတာနဲ့ Lab ချိန်ဆို အားချိန်လို့တောင်သတ်မှတ်ခဲ့ရပါတယ်။ နောက်တခု အကီနိုသိခဲ့တာက ကျောင်းမှာ wireless စနစ်နဲ့ အင်တာနက်ကိုသုံးခွင့်ရတော့မှာပါ။ နောက် Workshop room မှာပြထားတဲ့ Project တွေဟာအရမ်းပဲကောင်းမွန်သေသပ်လှပြီး ကျောင်းသားတွေကို လက်တွေ့ရှင်းပြ ကြည့်ရှုစေခဲ့ပါတယ်။ အကီနို သိခဲ့ရတာကတော့ အခုပြထားတဲ့ Projectတွေကို PHD ဆရာမတွေ India သင်တန်းမှာရေးခဲ့တဲ့ project တွေဖြစ်ပါတယ် ။ ဆရာမတွေ ကိုယ်တိုင်ကလည်း သီအိုရီနဲ့ လက်တွေ့ တခါတည်း ပေါင်းပြီး ရှင်းလင်းပြသ ပေးခဲ့ပါတယ်။ လာကြည့်တဲ့ကျောင်းသား တွေကလဲတက်တက်ကြွကြွနဲ့ သိလိုစိတ် ပြင်းပြစွာ မေးမြန်းစူးစမ်းနေကျပါတယ်။ နောက်ပိုင်းမှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ ပွဲတွေထက်ပြီးတော့ ပြုလုပ်ပေးသွားမယ်လို့ ဆရာမကြီးဆီက သိရပါတယ်။နှစ်တိုင်း စာမေးပွဲနီးလာလျင် တရားပွဲ ။ ဇန်န၀ါရီလာမှာ စုပေါင်းသွေးလှူဒါန်းပွဲတွေကိုလဲ ပြုလုပ်ပေးနေကျပါ။အကီနို ကျောင်းကိုမတတ်တော့တဲ့ တနှစ်အတွင်းမှာတော်တော်လေးပြောင်းလဲတိုးတတ်လာခဲ့ပါတယ်။ကိုယ်ကိုကိုယ်တိုင်အနေနဲ့ လည်း ကျောင်းအတွက် တဖက်တလမ်းက ကူညီနိုင်မဲ့ အစီအစဉ်တခုမှာ ကျောင်းသားဟောင်းတယောက်အနေနဲ့ ကျောင်းကိုပြန်ရောက်ခဲ့တဲ့အတွက် အရမ်းကိုပိတီဖြစ်မိပါတယ်။ ကွန်ပျုတာတက္ကသိုလ်ကထွက်ပြီး ပညာရှင်တွေ လုပ်ငန်းရှင်ကြီးတွေ အများအပြားဟာ ကျောင်းကိုပြန်လည် အကျိုးပြုနေတာကို အကီနို သွားခဲ့တဲ့ အတွေ့အကြုံကလေးကနေပြောပြချင်ပါတယ်။

1 comment January 1, 2010

အဖေဘယ်မှာလဲ

င့ါဒုက္ခမြစ်ရေ အသည်းအသန် စီးနေချိန်
အဖေဘယ်မှာလဲ
ငါ့မိသားစု အပူမီးတွေဝိုင်းနေချိန်
အဖေဘယ်မှာလဲ
သူများမိသားစုတွေကြည့်ြ့ပီး ငါသိမ်ငယ်ချိန်မှာ
အဖေဘယ်မှာလဲ
သမီးအတွက်စိုးရိမ်တတ်တဲ့ သောက
ဘယ်မှာလဲ
ဘ၀မှာမနေချင်တော့လောက်အောင် စိတ်ပျက်အားငယ်ချိန်
အဖေဘယ်မှာလဲ
သတိရပေးပါလို့
မတောင်းဆိုချင်ပေမဲ့
သတိရသင့်တယ် အဖေ
သမီးတယောက်ရဲ့ ရပ်တည်မှုကိုပေါ့
ဖခင်တယောက်ရဲ့
အားပေးစောင့်ရှောက်မှု
ရရှိမှ ရှင်သန်ကြီးထွားရမယ်ဆို
ငါ့ဘ၀သစ်ပင်
အမြဲညှိုးခြောက်သွေ့နေရဲ့
(ဒုတိယနှစ်လောက်က အရာရာကိုစိတ်ဓာတ်ကျနေချိန်မှာရေးထားတဲ့ ကဗျာလေးပါ အခုချိန်မှာတော့ အဖေကိုအပြစ်မတင့်တော့ပဲ ပျော်ရွှင်သာယာနေစေချင်ပါတယ်)

2 comments December 27, 2009

မှန်

နင်ပျော်နေရင်
ငါပြုံးနေရမယ်
နင်ဝမ်းနည်းနေရင်
ငါငိုနေရမယ်
ငါဟာ နင့်မျက်နှာပေါ်မှာ
ဖြစ်တည်နေရတဲ့
မှန်တချပ်ပါ
ဒါပေမဲ့
မင်းကတော့
အလင်းပြန်မှုမဲ့တဲ့
အရိပ်မဲ့လူသားပါ
(၂၀၀၄ခုနစ်ကရေးခဲ့တဲ့ ကဗျာလေးပါ)

1 comment December 27, 2009

ချစ်သူ့မျက်နှာ

ချောင်းကြည့် ခိုးကြည့်
ပြောင်ပြောင်တင်းတင်းကြည့်
ရုတ်တရက်ကြည့်ကြည့်
လျှက်တပြတ်ကြည့်ကြည့်
မတော်တဆကြည့်ကြည့်
ကြည့်ချင်သလိုကြည့်
အမှတ်တမဲ့ကြည့်ကြည့်
အမှတ်တရကြည့်ကြည့်
သေသေချာချာကြည့်ကြည့်
တမင်တကာပဲကြည့်ကြည့်
ဘယ်လိုကြည့်ကြည့်
အပြစ်ကင်းစင်ပြီး
ချစ်ဖို့ကောင်းတဲ့ မျက်နှာ
ကွန်ပျုတာတက္ကသိုလ်ကိုစရောက်ရောက်ချင်း လာရောင်းတဲ့ ကဗျာစာအုပ်ကလေးထဲက ကဗျာလေးပါ(၂၀၀၃လောက်ကဖြစ်မယ်ထင်ပါတယ်)

2 comments December 27, 2009

ပြိုကွဲသွားတဲ့ အိပ်မက်

ပြိုကွဲသွားတဲ့ ငါ့အိပ်မက်တွေကို
ဇူလိုင်မိုးသဲသဲတွေက သိတယ်
အတောင်အလက်မစုံတဲ့ ငှက်ငယ်ကလေးတွေကသိတယ်
ငါမျက်ရည်တွေကိုအဖော်ပြုနေရတဲ့ ခေါင်းအုံးကလေးကသိတယ်
ငါ့ခံစားချက်တွေကို နားလည်တဲ့ ဒိုင်ယာရီလေးက သိတယ်
အထပ်ထပ်ရစ်ဖွင့်လွန်းတဲ့ မျိုးကျော့မြိုင်ရဲ့ အချစ်သီချင်းတပုဒ်ကသိတယ်
ငါ့ရင်ထဲက ပန်းတွေရဲ့အရောင်အဆင်းကို ချစ်တတ်တဲ့သူတိုင်းသိတယ်
ဒါပေမဲ့ ငါချစ်တဲ့ ကောင်လေးကဖြင့်…မသိဘူး
၂၀၀၁လောက်က အကီနိုကြိုက်နှစ်သက်တဲ့ကဗျာတပုဒ်ပါ(ဆယ်တန်းတုန်းကပေါ့)

Add comment December 27, 2009

လက်ညှိုးတချောင်း

မဆိုင်ဘူးဆို ငါဘေးကပ်ပေးမယ်
နေရာဝင်မလုဘူး လာပြန်တော့မခေါ်နဲ့
မလိုဘူးဆို ငါမလာတော့ဘူး
ကိုယ်အတ္တနဲ့ကိုယ်နေသားကျနေပြီသား
စကားအများကြီးပြောနေကျမဲ့ အစား
လက်တွေ့လေးများများလုပ်ပြကျပါလား
စာကြီးပေကြီး အလွတ်ကျက်အော်နေမဲ့ အစား
ကိုယ့်နိတီကိုယ်ကိုတိုင် လိုက်နာနိုင်အောင်ကြိုးစားကြည့်
သူများအပြစ်လက်ညှိုးထိုးကြည့်မဲ့ အစား
လောင်းရိပ်အောက်ကလွတ်အောင် ထွက်လိုက်ပါ
သူများဆီက ယူမဲ့ ပိုက်ဆံအစား
မင်းအိပ်ထဲက ပိုက်ဆံအရင်ပေးကြည့်အုံး
မင်းကြောင့် ငိုခဲ့တဲ့ မျက်ရည်တွေ ပြန်ဖြည့်ဆည်းပေးလိုက်ပါ…
အားလုံးပြင်ဆင် ပြီးသွားမှ
သူငယ်ချင်း မင်းနဲ့ငါပြန်တွေ့မယ်

Add comment December 27, 2009

The elixir of life(အသက်ရှည်ဆေးကြီး)

ကိုလပြည်ရဲ့ မောင်ရွေရိုးကိုသဘောကျတာနဲ့ သင်တန်းမှာ လှုပ်ရှားတဲ့ တခန်းရပ်ပြဇာတ်လေးတခုကိုပြန်ရေးလိုက်တာပါ။ဇာတ်လမ်းလေးကတော့
တခါတုန်းက ဘုရင်ကြီးတယောက်က အသက်ရှည်ဆေးကို မှီဝဲသုံးစွဲလာတာ အသက် ၁၀၀ ကျော် အထိကျန်းကျန်းမာမာ နေထိုင်နေပါတယ်။ အဲဒီဆေးကို တနှစ်မှ ၁၀စက်ပဲသောက်ရပါတယ်။သူဟာ သူ့ဆေးအစွမ်းကို လျှို့ဝှက်ထိန်းသိမ်းထားရာ တခုသော ညနေခင်းမှာ အရက်သောက်ရင်း သူ့ဆေးအကြောင်းကို သူ့မိတ်ဆွေတွေကိုပြောမိပါလေရော။ အဲနောက်နှစ်ကုန်တော့သူ့သောက်မယ်ဆိုပြီး အဲဒီအသက်ရှည်ဆေးဘူးထားရာ လျှို့ဝှက်ခန်းထဲလဲရောက်ရော ဆေးဟာကုန်ခန်းနေပါတယ်။ ဒါနဲ့သူလဲ သူ့ပြောမိတဲ့ သူ့မိတ်ဆွေတွေကို အကုန်ခေါ်
အပြစ်ကိုဝန်ခံရင်ခံ  မခံရင်သတ်မယ်နဲ့ ကြိမ်းမောင်းပါတော့တယ်။အဲဒီမှာ သူ့မိတ်ဆွေတွေဖြစ်တဲ့မိဖုရားကြီးရယ်၊ စစ်သူကြီးရယ်၊၀န်ကြီးရယ်၊ သမားတော်ကြီးရယ်၊ ပန်းချီဆရာကြီးရယ်၊ဓာတုဗေဒပညာရှင်ကြီးရယ်က ယောက်တပေါက်ငြင်းကျပါလေရော။
အကီနိုက မိဖုရားခေါင်ကြီးနေရာ ကျပါတယ်။တ၀ိုင်းကို လူ ၇ ယောက်နဲ့ စပါတယ်။ သနားစရာ ဘုရင်ကြီးက ယောကျာင်္းရှားပါးလို့ သင်တန်းကကောင်မလေးပဲ ပြန်ဖြစ်ပါတယ်။ ဒါပေမဲ့
သူက စကားပြောရတာ တော်တော်လက်ပေါက်ကပ်ပါတယ်။ ကဲစပြီး ငြင်းကျတော့ဆိုတာနဲ့ “မောင်တော်ရယ် ဘယ်နှယ့်လုပ်ပြောပါလိမ့် နှမတော်က မောင်တော်နားတချိန်လုံးရှိနေတာဘယ်ချိန်များ သွားခိုးယူရပါ့မလဲ…“(ချွဲထားရတယ်လေ တော်ကြာ သူကကိုယ်ကိုသတ်မှာကိုး..အမှန်ကတော့ အားလုံး ၁၀စက်ဆီခိုးကျတာပါ)ကိုယ့်အပြစ်ကို ငြင်းပြီးရင် တခြားတယောက်အပြစ်ပုံချ
ဆိုတာနဲ့ တန်းထိုးတာပဲ သမားတော်ကြီးကို …သူလဲ အပြစ်လွတ်အောင်  အမျိုးမျိုးဖာထေးပေါ့(သူကတော့ သူအသက်ရှည်မှ တိုင်းပြည်သူ ပြည်သားတွေရဲ့ ကျန်းမာရေးစောင့်လျောက်နိုင်မယ်ဆိုတာပဲ…)စစ်သူကြီးကျတော့လဲ တိုက်ပွဲတွေထွက်နေရတာနဲ့ မအားပါဘူးပေါ့( သူအသက်ရှည်မှ ပြည်သူပြည်သားတွေကို ကာကွယ်နိုင်မှာတဲ့)ဓာတုဗေဒပညာရှင်ကျတော့လဲ ဒီဆေးကို စမ်းသပ်ပြီးအောင်မြင်ခဲ့မယ်ဆိုရင်တော့ တိုင်းသူပြည်သားတွေကို မျှဝေမယ်ပေါ့ (လောလောဆယ်တော့ သူသောက်ထားတယ်..)ပန်းချီပညာရှင်ကြီးကလဲ သူ့ ပန်းချီကြောင့် ပြည်သူတွေစိတ်ချမ်းသာအောင် လုပ်ပေးဖို့အသက်ရှင်ဖို့လိုပါတယ်တဲ့
ဝန်ကြီး(နိုင်ငံရေးသမား)ကတော့ သူရှိမှ တိုင်းရေးပြည်ရာတွေ ဆောင်ရွက်နိုင်မယ်ပေါ့။(အဲဒီလိုပြောမှပဲ မသောက်သင့်ဆုံးသူက ဘုရင်ကြီးပြန်ဖြစ်နေတယ်..:))…အဲဒီလိုနဲ့တယောက်ပြီးတယောက်လက်ညှိုးထိုးလို့လဲဝရော..အပြစ်ဝန်ခံကျဆိုတာနဲ့ ..မျက်နှာထားကိုပြန်ပြင် ခုနက အတင်းငြင်းပြီး ချီနေတဲ့ရုပ်ကနေ သနားစဖွယ်ပြောင်း(လူကတော့ ရီချင်နေတာ တပိုင်းကိုသေလို့)”နှမတော်မှားမိပါတယ် မောင်တော်ရယ် …ဒီဆေးလေးများသောက်လိုက်လို့ နှမတော်
အသက်ပိုရှည်သွားတဲ့ အခါ မောင်တော့်နားမှာ ပြုစုချင်လို့ပါ”
(အမှန်တော့ ကိုယ့်ဟာကို လှချင်လို့သောက်တာပါ)”နှမတော်ရဲ့ အသက်ကိုချမ်းသာပေးပါ” ပြီးတာနဲ့ တခြားတယောက်ကိုလဲစစ်ကူကြိုခေါ်ထားဆိုတာနဲ့ ဘယ်ရမလဲ စစ်သူကြီးကိုပြေးကပ်တာပေါ့ “မောင်တော်ရယ် စစ်သူကြီးကိုတော့ မသတ်ပါနဲ့ သူမှာတိုက်ပွဲပေါင်းများစွာတိုက်ပြီး တိုင်းပြည်အတွက်အသက်ကိုပေးထားခဲ့တာ စစ်သူကြီးကိုတော့ မသတ်သင့်ပါဘူး“။ အဲဒီမှာ ကျန်တဲ့ လူတွေက စပြောတယ် မိဖုရားကြီးနဲ့ စစ်သူကြီးဖောက်ပြန်နေကျတယ်တဲ့ စွပ်စွပ်စွဲစွဲ မိန်းမဆိုလို့ ကိုယ်ပဲပါတော့
ပြောကျတာပေါ့။ အဲဒီလိုနဲ့ အုပ်စုလိုက်ငြင်းကျပြီးတဲ့နောက် ဆရာမက ကဲ ဘုရင်တပါးထစမ်းဆိုတော့ (ရေကျောင်းတက္ကသိုလ်ကကောင်လေးထပါတယ် )
ဘယ်သူအရင်သတ်မလဲဆိုတော့ “မိဖုရားကြီး”တဲ့ ။စတာပဲ မိဖုရားကြီးသတ်ပြီး နောက်မိန်းမယူချင်တာ နာမယ်။ ဆရာမက ကဲကဲ မိဖုရားကြီးတွေကိုယ်ကိုသတ်တော့မယ် ဘယ်သူထမလဲဆိုတော့ မရဘူး မိဖုရားကြီးထတော့တာပေါ့ တတန်းလုံးရဲ့ မျက်လုံးတွေ အကုန်ဝိုင်းလာပြီ..

“Oh my dear darling!! I was made it because of love. You know everything can be replaced …
In our country full of soldiers instead of General.. , so many doctors, artists, chemists, politicians…so they can be replaced. But Love, Love cant be replaced…
Please Forgive me!!!”

ပြောလို့လဲပြီးရော မောင်တော်ဖုရားက သူ elixir မလိုတော့ဘူးတဲ့ ..တတန်းလုံးလဲ ပွဲကျသွားပါလေရော။ ဆရာမပြောခိုင်းတဲ့ထဲမှာ အကီနိုပြောတာ မပါပါဘူး။ ဆရာမတောင်ကြောင်သွားပါတယ်။နောက်မှ လက်ခုပ်တီးပြီး တခြားသူတွေဆီဆက်ပြောကျတော့တာပဲ။ ဗမာလိုရေးရင် အကီနိုပြောတာ မပီပြင်မှာဆိုးလို့ သင်တန်းမှာပြောတဲ့ အတိုင်းပဲ ပြန်ရေးလိုက်တာပါ။
Grammer တော့မမှန်ပါဘူး။

5 comments December 22, 2009

ကလေးတယောက်ရဲ့ ရှင်သန်ရာ

ဒီပိုစ်လေးကိုတော့ လက်တလောကမှ အဖိုးသေဆုံးသွားတဲ့ အကီနိုတူကလေးအတွက် ရည်ရွယ်ပြီးရေးပေးတာပါ။ ဒီရက်ပိုင်းမှာ အကီနို ကျောင်းမှာဘွဲ့ဖောင်သွားတင်ရမှာရောBCY ကိစ္စအတွက်ရောကွန်ပျူတာတက္ကသိုလ်ကိုသွားဖို့ရှုပ်နေပါတယ်။ ကျောင်းက ပြန်လာချိန်မှာတော့ အကီနို ဦးလေးဆုံးတယ် သတင်းကြားတာနဲ့ နာရေးအတွက်သွား ကူညီစရာရှိတာ သွားကူ၊ဘုရားစာလေးကူဖတ်နဲ့ သွားလုပ်ပေးရပါတယ်။ အဲဒီအချိန်မှာ အကီနိုမျက်စိထဲ အရင်ဆုံးမြင်မိတာ အကီနိုတူကလေး ဖိုးသောကြာပါ။ ဖိုးသောကြာလေးဟာ သူမွေးမွေးချင်းမှာသူ့အဖေဆုံးသွားတယ်။ အသက် ၁၂နှစ်အထိ အကီနိုအမ ကမုဆိုးမအနေနဲ့ရှာဖွေကျွေူးမွေးခဲ့ပါတယ်။ မနှစ်ကတော့ သူ့အမေကပါ တခါထပ်ဆုံးသွားတော့ သူမှာ အားကိုးစရာဆိုလို့အကီနိုတို့ဦလေးပဲကျန်ပါတော့တယ်။ အခုသူ့အဖိုးပါဆုံးတော့ သူအတွက်စိတ်မကောင်းမိပါဘူး။ ငွေကြေးအရတော့ အကီနိုတို့ဘက်ကဖြည့်စည်းပေးနိုင်ပေမဲ့ သူလိုအပ်တဲ့မေတ္တာ ၊နွေးထွေးတဲ့စောင့်ရှောက်မှုကိုတော့ အကီနိုတို့မပေးနိုင်ခဲ့ပါဘူး။အကီနိုတွေးမိတာက ကလေးရဲ့ ရင်ထဲကစိတ်ကလေးကိုပါ။ အကီနိုက အဖေအမေကွဲခဲ့တယ်ဆိုပေမဲ့ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့အကီနိုအမေကြောင့် အကီနိုဘ၀က ကြီးကြီးမားမားမပြောင်းလဲခဲ့ပါဘူး။ ငွေကြေးမပြည့်တာကလွဲရင် အကီနိုမေတ္တာမငတ်ခဲ့ပါဘူး။ ဒီကလေးလေးကျတော့ သူအားငယ်လာချိန်မှာ
ဘယ်သူကိုသူသွားတိုင်ပင် ချွဲနွဲ့ရမလဲ။ ဒီလိုပဲ ကလေးပေါင်း များစွာဘယ်လောက်ရှိမလဲ။ ကလေးတယောက်ရဲ့ အရေးကြီးဆုံးချိန်ဟာ ဆယ်ကျော်သက်အရွယ်ပါ။ဆယ်ကျော်သက် အရွယ်ဟာ ခန္ဓာကိုယ်ပြောင်းလဲ လာတာနဲ့ အမျှ စိတ်ဓာတ်ပါပြောင်းလဲလာပါတယ်။ မိန်းကလေးတယောက်အနားမှာ မိခင် ၊ယောကျာင်္းလေးတယောက် အနားမှာဖခင်ရှိကိုရှိနေသင့်တဲ့အချိန်ပါ။ ဒါမှ မမှားသင့်တာ မမှားအောင် သိသင့်တာ သိအောင် ဆုံးမပေးနိုင်မှာပါ။ အကီနိုအရွယ်ရောက်ချိန်မှာ အဖေမဲ့ခဲ့ပေမဲ့ အကီနိုအမေကြောင့် အကီနိုဟာ
လူလောကကိုဆက်လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလိုချိန်မှာသာ လမ်းကြောင်းလွဲမှားယွင်းခဲ့မယ်ဆို ဘ၀ဟာ တဆစ်ချိုးပြောင်းလဲသွားမှာပါ။ အကီနိုအဖေရှိတုန်းကဆို၁၀နှစ်အရွယ် သမီးကို ဟိုလူကြည့်မှာ ဒီလူကြည့်မှာ သူသိပ်စိုးရိမ်ပါတယ်။ ၀တ္ထုဆိုတာလဲ အကီနို ၁၀တန်းအောင်မှဖတ်ဖူးတယ်။ ရုပ်ရှင်ကြည်ရင် ကာတွန်းကားကြည့်တာက အစသူဘေးနားထိုင်ကြည်တယ်။ အခွေဌားလည်း သူပါမှ ဌားရတယ် ။ အကီနို ငြိမ်သွားပြီဆို တိတ်တိတ်ကလေးလာချောင်းတတ်တယ်။ အခုချိန်ထိ တူတူမတွေရချိန်မှာတောင်အကီနိုဝမ်းကွဲ အကိုတွေကအစ အကီနိုကို စိတ်မချတုန်း။ အခု ဖိုးသောကြားလေး အရွယ်ရောက်ချိန်မှာ သူ့အဖိုးမရှိတော့ သူ့အနားမှာ အနီးကပ်အသေးစိတ် အကီနိုကလည်းအဒေါ်ဖြစ်နေတော့ ပြောလို့မရပါဘူး။ ကိုယ်ကကောင်းချင်တဲ့စိတ်နဲ့ပြောလဲ သူ့စိတ်ထဲမှာ ငါမိဘမဲ့လို့ဆိုတဲ့အတွေးမျိုးဝင်မှာကြောက်မိပါတယ်။ အကယ်၍ သူကို အလိုလိုက်ထားပြန်လဲပျက်စီးသွားမှာ စိုးရိမ်တယ်။ အကီနို သတိထားမိသလောက် မိဘများကလဲ ကလေးတွေဆယ်ကျော်သက်အရွယ်ဆို နားလည်တတ်ပြီ လက်လွှတ်ရပြီဆိုပြီး ပေါ့လျော့တတ်ပါတယ်။၁၀တန်းကျောင်းသူ အကီနိုညီမက ချက်တင်ကိုကောင်းကောင်းတတ်ပြီး မနှစ်က အကီနို စာသင်ပေးရတဲ့ ၁၀တန်းကျောင်းသား အကီနိုမောင်က ၁၀တန်းအောင်တော့ ဘာဖြစ်မှာလဲတဲ့။ကိုယ်ကလဲ သူတို့နဲ့ အရွယ်က မတိမ်းမယိမ်းမို့ကိုယ်ပြောတာ သူတို့ မလေးစားကျဘူး။ တကယ်တန်းလဲ ၁၀တန်းလည်းကျရော အမ မျက်နှာလာကြည့်တယ်။
ဒါကြောင့် အကီနိုပြောတာ ကိုယ်တိုင်ကြိုးစားကြည့်တွေကြုံပြီးမှ ရလာတဲ့ ရလာဒ်တခု အပေါ်မြည်းစမ်းကြည့်စေချင်ပါတယ် ဆိုတာပေါ့။ အကီနိုတုန်းကတော့ ရှေ့ဆောင်လမ်းပြ အကီနိုအမေကြောင့် ကြိုသိရှောင်ရှားနိုင်ပေမဲ့ သူတို့ကျတော့ စိတ်ဓာတ်တက်ကြွနေတဲ့ အချိန်ဆိုတော့ ပြောမနိုင်ဆိုမနိုင်ပေါ့။သူတို့လဲ အခုချိန်မှာ စာတပုဒ်ဖတ်ဖို့ထက် ဂိမ်းကစားဖို့ လျောက်လည်ကျဖို့ပဲစိတ်ဝင်စားနေကျတဲ့ အချိန်ကိုး။ အကီနိုကတော့ တတ်နိုင်သမျှ ကိုယ်လုပ်ပေးနိုင်သလောက်တော့ကိုယ်ဖိရင်ဖိ ပြောဆိုရအုံးမှာပါ။

4 comments December 19, 2009

Our Education

Conservation class မှာဆွေးနွေးတဲ့ခေါင်းစဉ်လေးပါ။ ခေါင်းစဉ်က Did you think University Degree is Essential for everyone? ပါ။ တက္ကသိုလ်တခုခုရဲ့ဘွဲ့ဟာ အားလုံးအတွက်လိုအပ်ပါသလားပေါ့။ ပထမဆုံး အကီနို အမြင်ကို မပြောခင် အကီနို Partner ပြောတဲ့ idea လေးကိုအရင် share လုပ်ချင်ပါတယ်။သူကတော့ အဝေးသင်ပထမနှစ်ကျောင်းသူလေးပါ။

“တက္ကသိုလ်တခုခုရဲ့ ဘွဲ့ဟာ မလိုအပ်ပါဘူး ဘာလို့လဲဆိုတော့ ပိုက်ဆံပေးနိုင်ရင် ပညာရပ်တိုင်းကို အပြင်မှာတတ်နိုင်ပါတယ် နောက်ပြီး မြန်မာနိုင်ငံကရတဲ့ဘွဲ့ကို ဘယ်တိုင်းပြည်မှ အသိအမှတ်မပြုပါဘူး နောက်ပြီးကျောင်းတွေကလဲဝေးလွန်းတော့ မတတ်တာပဲကောင်းပါတယ်”

တဲ့။သူ့စကားဆုံးတဲ့အထိအကီနိုဘာမှမပြောသေးပဲ အားလုံးပြီးသွားပြီဆိုမှ အကီနိုစပြောပါတယ်။ အကီနိုက ငြင်းခုန်ရင်းပြောတဲ့ပုံစံမျိုး မဖြစ်စေချင်ပဲ နားလည်သဘော ပေါက်အောင်ဆွေးနွေးတဲ့သဘောနဲ့ပဲပြောခဲ့ပါတယ်။

“အမ တွေ့ကြုံဖြတ်သန်းလာတဲ့ အမြင်ရတော့ ဘွဲ့တဘွဲ့ဟာ လူတိုင်းအတွက်လိုအပ်တယ် ။ အမ ဖိုရမ်တခုထဲမှာဖတ်ဖူးတယ် ဆယ်တန်းအောင်တဲ့ အလုပ်သမားရှိနိုင်ပေမဲ့ ဆယ်တန်းအောင်တဲ့ မန်နေဂျာဆိုတာတော့လက်ခံဖို့ခဲယဉ်းသွားပြီ ။နောက်ပြီး ပညာရပ်အားလုံးတိုင်းကို ငွေပေးရင်သင်ကြားနိုင်တယ် ဆိုတာမှန်ပေမဲ့ အပြင်မှာ သိန်းချီသောင်းချီနေတဲ့ ပညာရပ်တွေကို အမတို့မြန်မာပြည်မှာပဲ ကျောင်းလခ ထောင်ကျော်ယုံလေးနဲ့ရနိုင်တယ် (ကိုယ်ခံယူဆည်းပူးတတ်ရင်ပေါ့)၊နောက်ပြီး ညီမလေးပြောတဲ့ အမတို့တိုင်းပြည်က ပညာရေးဘွဲ့ကို ဘယ်တိုင်းပြည်မှလက်မခံဘူးဆိုတာကိုတော အမလုံးဝငြင်းပါတယ် အမတို့နိုင်ငံက ရတဲ့ဘွဲ့နဲ့ တခြားနိုင်ငံမှာ ပညာရှာ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ပညာရှင်တွေ အများကြီး ရှိပါတယ်“။

အကီနိုနဲ့ပဲပြိုင်မငြင်းချင်တာကြောင့်လားစိတ်မ၀င်စားတာကြောင့်ပဲလား မသိပါဘူး ဆွေးနွေးပွဲက ဒီလောက်နဲ့ပဲရပ်တည့်သွားပါတယ်။ ဒါပေမဲ့ အကီနိုစိတ်ထဲမှာ တမျိုးကြီးနဲ့ ခိုးလိုးခုလုဖြစ်နေတာကြောင့် ဒီပိုစ်လေးကိုရေးလိုက်တာပါ။အခုခေတ်ပညာရေးစနစ်မှာ လူငယ်တွေရင်ထဲစွဲနေတာက တက္ကသိုလ်ပညာရေးဟာ အဓိပ္ပာယ်မရှိဘူး အချိန်တန် နိုင်ငံခြားထွက်မှာပဲ ဒီမှာသင်တန်းတတ်ရုံနဲ့ လုံလောက်တယ်ဆိုတာပဲ။တကယ်တော့ ပညာရပ်ဆိုတာ ပါမောက္ခကြီးဆီမှာသင်မှ သင်တန်းကြီးမှာ ပိုက်ဆံများများပေးပြီးတတ်မှ ပညာရတာမဟုတ်ပါဘူး။ ကိုယ်လက်ခံရင် လက်ခံနိုင်သလို ကိုယ်ပညာယူရင် ယူသလို ရနိုင်ပါတယ်။ အကီနိုရဲ့ တက္ကသိုလ်သက်တန်းမှာ အကီနိုတက်ခဲ့တဲ့ ကျုရှင်ဆိုတာ လက်ချိုးပြီးရေနိုင်ပါတယ်။ သူငယ်ချင်းတွေ အချင်းချင်းရှင်းပြရင်း စာသင်ကောင်းလွန်းတဲ့ ဆရာ ဆရာမချိန်တွေကိုလိုက်တတ်ရင်းနဲ့ ပညာရှာဖွေခဲ့တာပါ။ အခု အကီနို အလုပ်မှာ အသုံးချနေတဲ့ ပညာရပ်တွေဟာ အကီနိုတို့ ကွန်ပျူတာတက္ကသိုလ် ကသင်ပေးလိုက်တဲ့ ပညာရပ်တွေပါ။နောက်ပြီး အခုဖြစ်နေတဲ့ ကျောင်းသားတွေရဲ့ စာဖတ်နည်းပါ။ စာတွေကို လက်တန်းကျက် စပေါ့ရိုက် မေးခွန်းအောက်နဲ့ အောင်လာခဲ့တော့ ဘယ်အလုပ်ရှင် ဘယ်နိုင်ငံကလက်ခံမလဲ။ တကယ်တန်း တတ်သိ နားလည်ပြီး ရလာခဲ့တဲ့ ပညာရပ်သာဆို လူအဆင့်အတန်းလဲ ကြည့်စရာမလိုဘူး တိုင်းပြည်အခြေအနေလဲကြည့်စရာမလိုပဲ ကိုယ့်ပညာအရည်အချင်းနဲ့တင် အလုပ်ရနိုင်ပါတယ်။စာကို စာမေးပွဲအောင်ရုံ အတိုင်းအတာတခုအတွက်ပဲ အသေမကျက်ပဲနဲ့ အကြောင်းအရာတခု ခေါင်းစဉ်တခုကို အရင်ဆုံးဘာကိုဆိုလိုတယ် ဆိုတာသိအောင် အရင်ဖတ်ကြည့်ပါ ပြီးမှတဆင့်ချင်းဆီ ဖတ်သွားပါ( ကျက်စရာမလိုသေးပါဘူး) အားလုံးတခေါက်ဖတ်ပြီးရင် အဲဒီအကြောင်းအရာတွေထဲက ကိုယ်မှတ်မိခဲ့တာ အရေးကြီးတဲ့ ဆိုလိုချက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို စာရွက် အကြမ်းတခုမှာ ချရေး ပြီး နောက်တခေါက်ပြန်ဖတ်ကြည့်လိုက်ပါ။ အသေကျက်စရာမလိုပဲ ဒီခေါင်းစဉ် ဒီအကြောင်းအရာကိုမြင်ရင် ဘာကိုဖြေရမယ် ဆိုတာ ခေါင်းထဲစွဲသွားပါလိမ့်မယ်။ဒါကတော့ အကီနို ကျက်ခဲ့တဲ့ စာကျက်နည်းလေးပါ။ တခုရှိတာက ကိုယ်ဖတ်မှတ်ခဲ့ပြီးတဲ့ သင်ခန်းစာတွေကို ပြန်ပြန်ဖတ်ပေးနွေးပေးဖို့တော့လိုပါတယ်။ တက္ကသိုလ်ကပေးခဲ့တဲ့ ပညာရပ်တွေဟာစာတွေ့များတာကြောင့် သက်ဆိုင်ရာဘာသာအရပ်လိုက် အပြင်မှာလဲ ထပ်မှန်ဆည်းပူးဖို့လိုပါသေးတယ်။ ကိုယ်တိုင်မကြိုးစားကြည့်ပဲတော့ ခေတ်တခေတ်ရဲ့ လက်သုံးစကားလိုမျိုး ဟိုဟာပေါ် အပြစ်တင် ဒီဟာပေါ်အပြစ်တင်နေမဲ့ အစား ကိုယ်တိုင်ကြိုးစားကြည့်တွေကြုံပြီးမှ ရလာတဲ့ ရလာဒ်တခု အပေါ်မြည်းစမ်းကြည့်စေချင်ပါတယ်။

2 comments December 9, 2009

Previous Posts


Blog Stats

Facebook

Recent Posts

Archives

Meta

Recent Comments

TNT on ရန်ကုန်ကွန်ပျုတာတက္ကသိုလ်သို့ တ…
တောင်ပေါ်သား on ဝေဖန်ပေးပါ(CBox)
မြတ်မွန် on ဝေဖန်ပေးပါ(CBox)
သားကြီး on ဝေဖန်ပေးပါ(CBox)
စိတ်၏ဖြေရာ on ဝေဖန်ပေးပါ(CBox)